Thursday, August 27, 2015

မြန်မာအပြည်ပြည်ဆိုင်ရာ ပရိဘောဂပြပွဲ

( ၁၈/၉/၂၀၁၅)  မှ ( ၂၀/၉/၂၀၁၅) ထိ

တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်မည့်

မြန်မာအပြည်ပြည်ဆိုင်ရာ ပရိဘောဂပြပွဲ တွင်

မြန်မာဝါးချစ်သူများကွန်ရက်မှလည်း

ဝါးနှင့်ပတ်သက်သော ပညာပေးပြခန်း တစ်ခန်းပါဝင်ပြသမည်ဖြစ်ပါသည်။

သို့ပါ၍ မြန်မာဝါးချစ်သူများကွန်ရက် အသင်းဝင်များအနေဖြင့်

မိမိတို့ပြသလိုသော ဝါးနှင့်သက်ဆိုင်သော ထုတ်ကုန်များကိုပေးပို့နိုင်ပါရန်

သတင်းကောင်းပါးအပ်ပါသည်။

Sunday, July 12, 2015

ဝါးစိုက်ပျိုးထုတ်လုပ်မှုသင်တန်း ( ဒုတိယအကြိမ် )



မြန်မာနိုင်ငံဝါးချစ်သူများအသင်းမှ ဦးစီး၍ ဝါးစိုက်ပျိုးနည်းသင်တန်း၊ ဝါးနှင့်ပတ်သက်သော ထုတ်လုပ်မှုဆိုင်ရာ နည်းပညာဗဟုသုတဟောပြောမှုများကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
သင်တန်းရက် - ၂၅ ၊ ၇ ၊၂၀၁၅ မှ ၂၇ ၊ ၇ ၊၂၀၁၅ ထိ။
သင်တန်းနေရာ - ရွှေနဒီပရဟိတကျောင်း၊ ကျောက်ပန်းတောင်းမြို့။
ဆက်သွယ်မေးမြန်းရန် - ၉၀၄၅၀၀၅၉၄၂၉

Wednesday, May 6, 2015

သရကူဝါး လိုအပ်ချက်

မိုးရာသီပါ ဆောင်းနိုင်မည့် ပုသိမ်ထီး

 

နှစ်စဉ် ဖေဖော်ဝါရီလတွင် ကျင်းပလေ့ရှိသည့် အဆိုပါ ရှမ်းပွဲ၏ နောက်ဆုံးတွင် အလှဆင်ထားသည့် လှည်း ယာဉ်များ ညီညာစွာ လိုက်ပါလာပြီး လှည်းယာဉ်များပေါ်၌ ပုသိမ်ထီးကိုယ်စီ ဆောင်းထားသည့် ပုသိမ်သူ အပျိုချောလေးများက အလှချင်း ပြိုင်နေကြသည်။ ဗျာဒိတ်ပေး ဘုရားကြီးကို လိုက်ပါ ပို့ဆောင်ရင်း အစဉ် အလာမပျက် ပုသိမ်ထီးများကို အသုံးပြုကာ ဘုရားပွဲတော် ပါဝင် ဆင်နွှဲကြခြင်း ဖြစ်သည်။


Monday, March 30, 2015

ပင်ဝါးရုံကလေး ကာကွယ်ပေး (ဒေါ်လေးပိစိ )

ပင်ဝါးရုံကလေး ကာကွယ်ပေး (ဒေါ်လေးပိစိ )



တူ တူမလေးတို့ရေ မင်္ဂလာပါကွယ်
ယခုရောက်ရှိနေတဲ့ မေလဟာ ဒေါ်လေးတို့အတွက် မမေ့နိုင်တဲ့ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့တဲ့ လတစ်လပေါ့။ ဒီနာဂစ်မုန်တိုင်းဒဏ်ကို ဧရာဝတီတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့မှာ တော်တော်ကြီး ခံစားခဲ့ရတယ်။ နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်းမှာဆိုရင် မိဘမဲ့ကလေးတွေ ရှိခဲ့သလို လူပေါင်းများစွာလည်း သေကြေပျောက်ဆုံးခဲ့ရတယ်။ ရန်ကုန်တိုင်းမှာဆိုလည်း အဆောက်အဦတွေမှာ ပြိုတာပြို၊ ပျက်တာပျက်နဲ့ ကြီးမားလှတဲ့ သစ်ပင်ကြီးတွေ အများစုဟာလည်း အမြစ်က ကျွတ်ထွက်တာနဲ့ ထက်ပိုင်းပြတ်တာနဲ့ အတော်လေးကို ရှုခင်းတွေက အကျည်းတန်ခဲ့တယ် မဟုတ်လား။

၂၀၀၈ ခုနှစ် မေလ ၂ ရက် ၃ ရက်နေ့တွေမှာ ဝင်ရောက်ခဲ့တဲ့ နာဂစ်မုန်တိုင်းက အခု ၂၀၁၃ ခုနှစ် မေမှာဆို မမေ့နိုင်တာ ၅ နှစ်ရှိပြီပေါ့ကွယ်။ နာဂစ်မှာ ကမ်းရိုးတန်းဒေသနေတဲ့သူတွေဟာ ဒီရေတောပင်တွေကြောင့် အသက်အန္တရာယ် အကာအကွယ်ရခဲ့တယ်လို့ သိရတယ်။ ဒီရေတောပင်တွေလိုပဲ အဖိုးတန်တဲ့ အပင်တစ်မျိုးက ဝါးပင်ပဲ။

ဝါးနဲ့ပတ်သက်လို့ လွန်ခဲ့တဲ့ ၁၀ နှစ်ကာလက စပြီး မင်းဘူးမြို့နယ် ရွှေစက်တော်ဝန်းကျင်မှာရှိတဲ့ ဝါးပင်လေးတွေဟာ အရွယ်အစားသေးငယ်လာပြီး ရှားပါးလာတယ်လို့ ဒေသခံ ငဖဲမြို့သားတွေကပြောတယ်။ သူတို့ ဒေသကထွက်တဲ့ ဝါးတွေကို ရွှေစက်တော်ဘုရားပွဲ တစ်ရာသီမှာ အဆောက်အအုံ ဆောက်လုပ်ဖို့အတွက် ဝါးတွေကို သန်းချီသုံးပြုရတယ်လို့ ပြောတယ်။ ဒီနှစ်မှာဆိုရင် ဝါးရင့်ကိုတောင် မသုံးနိုင်ဘဲ ဝါးနုတွေပဲ သုံးကြတယ် လို့ ငဖဲမြို့သားတွေက ပြောတယ်။

သဘာဝအတိုင်းရတဲ့ ဝါးပင်တွေကို ပြန်လည် အစားထိုးခြင်းတွေ မလုပ်ဘူးဆိုရင်တော့ နောင်တစ်ချိန်မှာ ဝါးမျိုးတွေပြုန်းလာနိုင်တယ်။ မျိုးပြုန်းခြင်းဆိုတာ လူတွေကြောင့်လည်း ဖြစ်ရတာရှိသလို ဝါးပင်ရဲ့ သက်တမ်းအရ ဖြစ်တာလည်းရှိပါတယ်။

ဝါးပင်တွေကို စိုက်ပျိုးဖို့ဆို မြေသြဇာမလိုဘူး။ ယုယစရာမလိုဘူး။ ဝါးပင်တွေက အမျိုးအစားပေါင်းများစွာရှိတဲ့အတွက် နေရာဒေမျိုးစုံမှာ ပေါက်ရောက်နိုင်တဲ့ လိုက်လျောညီထွေတဲ့ အပင်တစ်မျိုးပါပဲကွယ်။

ဝါးရဲ့အကြေတွေက လိုသလို ကွေးနိုင်၊ ညွှတ်နိုင်တဲ့ ပျော့ပျောင်းတဲ့ စွမ်းအင်ရှိတယ်။ သူ့ရဲ့ ထူးခြားချက်က သူ့ရဲ့ အမြစ်တွေက တစ်မြစ်ပေါ်တစ်မြစ်ကပ်ပြီး ပွားတာကြောင့် မြေကိုကုပ်တွယ်ထားအား ကောင်းတယ်။ မြေကို ကုပ်တွယ်အားကောင်းတော့ မြေဆီလွှာတိုက်စားမှုကိုလည်း ကာကွယ်ပေးတာပေါ့။ ဝါးပင်တွေဟာ နှစ်ရှည်လည်းခံ အကြမ်းလည်းခံတဲ့၊ ကြီးထွားမှုနှုန်းလျင်မြန်တဲ့ အမြဲစိမ်းပင် တစ်မျိုးပဲ။ ဝါးပင်တွေကို မြက်ကြီးပင်လို့လည်းခေါ်လို့ရတယ်။

သဘာဝပတ်ဝန်းကျင် အကျိုးအတွက်ဆိုရင်လည်း ဝါးပင်တွေဟာ ကမ္ဘာကြီးကို ပူနွေးမှုဖြစ်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကို ငါးဆပိုစုပ်ယူတယ်။ လူတွေအတွက် လိုအပ်တဲ့ အောက်စီဂျင်ကိုတော့ ၃၅ ရာခိုင်နှုန်း ပိုပြီးထုတ်ပေးတယ်လို့ သိရတယ်။

တချို့တိုင်းပြည်တွေမှာ သစ်ပင်သစ်တောနည်းပါးပြီး မရှိသလောက်ဖြစ်နေတာကြောင့် အောက်ဆီဂျင်ဘား လို့ခေါ်တဲ့ လေရှုလုပ်ငန်းတွေကို စီးပွားဖြစ်လုပ်နေကြတယ် လို့ သိရတယ်။

ဒါ့အပြင် ဝါးပင်တွေဟာ အခြားအပင်တွေထက် ရေစုပ်ယူမှုနည်းတယ်လို့ သိရတယ်။ ဝါးမြစ်တွေ ကုပ်တွယ်အားလည်းကောင်းတယ်။ လိုသလိုကွေးနိုင်တဲ့ အစွမ်းတွေကြောင့် ငလျင်ဒဏ်နဲ့ မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံနိုင်တဲ့ အပင်ဖြစ်တယ်။ မြေပြိုခြင်းဖြစ်တဲ့ နေရာတွေမှာ ဝါးရုံပင်လေးတွေသာရှိမယ်ဆိုရင် မြေပြိုခြင်းကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

ဝါးရဲ့အသုံးဝင်ပုံလေးတွေကိုလည်း ပြောပြမယ်။ တူ-တူမလေးတို့ရဲ့ အနီးပတ်ဝန်းကျင်မှာပဲ ဝါးရဲ့ ပုံသဏ္ဍာန် အမျိုးမျိုးကို တွေ့လို့ရပါတယ်။ အလွယ်ဆုံးကတော့ တူ-တူမလေးတို့ သုံးနေတဲ့ ငွေကြေးပဲ။ ပြီးရင် တူ-တူမလေး တို့သုံးနေတဲ့ စက္ကူတွေဟာ ဝါးကနေရတာပဲ။

ဒါ့အပြင် သစ်မသုံးနိုင်တဲ့သူတွေအတွက် နေစရာအိမ်လေးတွေကို ဝါးနဲ့ဆောက်လုပ်ကြတယ်။ သစ်အစားထိုးသုံးတာပေါ့။ ခြံစည်းရိုးကာမယ်။ တံတာခင်းမယ် စတဲ့ အိမ်ဆောက်ပစ္စည်းအနေနဲ့လည်း သုံးနေကြတယ်။ အိမ်ထောင်သုံး ပရိဘောဂ ပစ္စည်း၊ အမှတ်တရ ပစ္စည်းတွေ ပြုလုပ်အသုံးပြုကြတယ်။ ကျေးလက်တွေရဲ့ နေအိမ်တွေမှာ အများဆုံး ဝါးပရိဘောဂတွေ တွေ့ရတယ်။

နောက် ဝါးကို စားသောက်ကုန်သုံး ပစ္စည်းအဖြစ်လည်း တွေ့ရတယ်။ အထင်ရှားဆုံးက ဝါးတူလေးတွေပဲ။ နောက်ပြီး ဇီဝလောင်စာအနေနဲ့လည်း သုံးလို့ရတယ်။ ကမ္ဘာမှာဆိုရင် လောင်စာအတွက် သစ်ပင်တွေ အလွန်အကျွံ ခုတ်တာကြောင့် သစ်တောပြုန်းတီးမှုတွေ ဖြစ်လာတဲ့ အချိန် သစ်အစားထိုး လောင်စာအဖြစ် ဝါးမီးသွေးထုတ်လုပ် မှုတွေကြောင့် မကြာခင်မှာ ဝါးကရတဲ့ ဇီဝလောင်စာဟာ အရာရောက်လာတွေမှာလို့ သိရတယ်။

ဝါးမီးသွေးရဲ့ ထူးခြားချက်က အနံ့ဆိုးတွေကို စုပ်ယူတယ်တဲ့ ရေမှာပျော်ဝင်နေတဲ့ အန္တရာယ်ရှိ ပစ္စည်း၊ လေထုထဲမှာရောက်ရှိနေတဲ့ အန္တရာယ်ရှိပစ္စည်း ဓါတ်ငွေ့တွေကို စုပ်ယူပေးတာကြောင့် ရေထုကိုရော လေထုကိုပါ သန့်စင်ပေးတယ်လို့ ဆိုတယ်။

တရုတ်နိုင်ငံမှာဆိုလည်း သိပ္ပံပညာရှင်တွေက ဝါးပင်ရဲ့ မျိုးဗီဇ သတင်းအချက်အလက် အပြည့်အစုံပါဝင်တဲ့ မြေပုံထုတ်ပြီး မျိုးကောင်း၊ မျိုးသန့်တွေကို သုတေသနပြုလုပ်နေတယ်။ ဝါးကိုတစ်နေရာမှာ အစားထိုးဖို့လုပ်နေတယ်။ တရုတ်နိုင်ငံက ဝါးကို အများဆုံး စိုက်တဲ့နိုင်ငံဖြစ်သလို အများဆုံး သုံးတဲ့နိုင်ငံလည်းဖြစ်တယ်။ သူတို့ရဲ့ အဓိက က စက္ကူထုတ်ဖို့နဲ့ ပရိဘောဂပစ္စည်းထုတ်ဖို့အတွက်ပဲ။ ဒါဖြင့် မျိုးရိုးဗီဇနည်းအရ မျိုးစပ်ဝါးတွေကိုလည်း ထုတ်လာနိုင်တာကြောင့် ပင်ဒါဝက်ဝံလေးတွေအတွက် အစာကိုပါ အလုံအလောက် ထုတ်လုပ်ပေးနိုင်တော့မှာလို့ သိရတယ်။

ဂျပန်နိုင်ငံမှာက ဝါးကို ဝါးအခေါက်မှာပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိရှိတာကြောင့် ဘက်တီးရီးယားတွေရဲ့ ကြီးထွားမှုကို ဟန့်တားပေးနိုင်တဲ့ အတွက် အစားအသောက်တွေကို သဘာဝနည်းနဲ့ တာရှည်ခံအောင်ပြုလုပ်ရာမှာ ဝါးကိုသုံးတယ်။

တူ-တူမလေးတို့ရေ ဒေါ်လေးတို့ရဲ့မြန်မာနိုင်ငံရဲ့ နေရာတော်တော်များများမှာ ဝါးပင်တွေကို ပေါများစွာ တွေ့မြင်နိုင်ပါသေးတယ်။ ဒီတော့ ဝါးပ်ငတွေကို ခုတ်ယူမယ်ဆိုရင် ပြန်ဖြည့်ဖို့ကိုပါ ထည်းသွင်းစဉ်းစားရမယ်။ ဝါးမျိုးမပြုန်းအောင် စိုက်ပျိုးနည်းပညာတွေ၊ ဝါးနဲ့ပတ်သက်တဲ့ သုတေသနလုပ်တာတွေ၊ ဝါးကိုခံနိုင်ရည်ရှိဖို့ ဝါးပစ္စည်းတွေကို ကြာရှည်စွာ ထိန်းသိမ်းထားနိုင်ဖို့ နည်းပညာတွေဖော်ထုတ်ပေးဖို့လိုအပ်ပါတယ်။ စီးပွားဖြစ်အောင်လုပ်ပြီး ဒေသရဲ့ လူမှုစီးပွားအခြေအနေတွေ ဖွံ့ဖြိုးတိုးတက်မှုတွေကိုလည်း စဉ်းစားထားဖို့လိုပါတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူများက အကြံပြုနေပါတယ်။

တူ-တူမလေးတို့ရေ ဂျပန်မှာဆိုရင် အလွန်ကြောက်စရာကောင်းတဲ့ အဏုမြူဗုံးကျခဲ့ပြီးတဲ့နောက်ပိုင်း ပထမဆုံးရှင်သန်လာတဲ့ အပင်က ဝါးပင်ပါပဲ။ ဝါးပင်လေးတွေဟာ နွဲ့ပြီးပျော့ပျောင်းတဲ့ သဘောရှိပေမဲ့ သူ့ရဲ့ စွမ်းအာက ဘယ်ဘေးကိုမဆို ကြံ့ခိုင်စွာနဲ့ ရင်ဆိုင်တတ်တယ်။ ဒီဝါးပင်လေးကို နမူနာယူပြီး တူ-တူမလေးတို့ရဲ့ ဘဝမှာ ဘယ်လိုအခက်အခဲပဲရှိ၊ ဘယ်လိုဘေးနဲ့ပဲ တွေ့လာလာ ကြံ့ခိုင်တဲ့ စွမ်းအားနဲ့ ဝါးပင်လေးနည်းတူ အခက်အခဲတွေကို ကျော်လွန်နိုင်မယ်ဆိုတာ သေချာတာပေါ့ကွယ်။

သြော်…ဝါးသီးအကြောင်းဗဟုသုတ မှတ်ထားဖို့ပြောရဦးမယ်။ ဝါးသီးတွေထဲမှာ ပါဝင်တဲ့ ကစီဓာတ်ကို ကြွက်တွေက နှစ်သက်စွာ စားကြတယ်။ ဝါးစေ့တွေက ကြွက်တွေရဲ့ ဟိုမုန်းဓာတ်ကို အားပေးတာကြောင့် ၎င်းတို့ရဲ့ မျိုးပွားနှုန်းများ မြင့်တက်တယ်လို့ သိရတယ်။ ဝါးသီး သီးချိန် ကြွက်အန္တရာယ်ကိုတော့ သတိပြုရမှာပေါ့ကွယ်။
--------------------------------------------------------------------------------------------------------- 
 ရွှင်လန်းချမ်းမြေ့ပါစေ
 
ဒေါ်လေးပိစိ